What is OTG ? ( OTG ဆိုတာဘာလဲ…?)

 


What is OTG?

"OTG ဆိုတာဘာလဲ…?

ဘယ်လို အသုံးဝင်တာလဲ....? "

တစ်ခါတစ်ရံမှာ လူတွေအတွက်အသုံးအဝင်ဆုံး အရာတွေကို စိတ်ဝင်စားစရာမကောင်းတဲ့ ခပ်တုံးတုံး နာမည်တွေ ပေးလေ့ရှိကြပါတယ်။ စိတ်ဝင်စားစရာမကောင်းတဲ့နာမည်တွေကပဲ လူတွေအတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အရာတွေ ဖြစ်နေတတ်ပါတယ်။ ဥပမာပြောရရင် OTG ပေါ့။ OTG ဆိုတဲ့နာမည်ကို မြင်ရုံ ကြားရုံနဲ့ “ဒါဘာလဲ” ဆိုပြီးစူးစမ်းလေ့လာချင်စိတ်တွေမဖြစ်ဘဲ မမြင်ချင်ယောင်ဆောင်ပြီး မျက်နှာလွှသွား နိုင်ပါတယ်။ အခုလက်ရှိ စမတ်ဖုန်းတွေမှာ ရေပန်းစားလာတဲ့ OTG ဆိုတာဘာလဲ . . . ? ဘယ်လို အသုံးဝင်တာလဲ . . . ? ဆိုတာ လေ့လာကြည့်ရရင် . . .

OTG

OTG ဆိုတာ On-The-Go ရဲ့ အတိုကောက်ဖြစ်ပြီး OTG (ဒါမှမဟုတ်) USB OTG ဆိုပြီး ခေါ်ကြပါတယ်။ OTG နည်းပညာကို (၂၀၀၁) နှောင်းပိုင်းမှာ စတင်အသုံးပြုခဲ့ပြီး USB Device တွေကို အခြား USB/Mobile Device တွေ ( ဖုန်း၊ ကင်မရာ၊ Mouse၊ Keyboard၊ Memory Stick၊ External Hardisk စတာတွေ ) နဲ့ အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်ဖို တီထွင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ အရင်က mobile device တွေအချင်းချင်း USB နဲ့ ချိတ်ဆက်လိုမရပါဘူး။ ဥပမာ ဖုန်းကို Mouse ၊ ဒါမှမဟုတ် Keyboard နဲ့ USB ကတစ်ဆင့် ချိတ်လိုမရပါဘူး ။Mac (ဒါမှမဟုတ်) PC တွေနဲ့ပဲ USB နဲ့ချိတ်ဆက်နိုင်တဲ့အတွက် Data တွေကို ကူးယူဖို Mac/PC တွေကို ကြားခံအနေနဲ့ တစ်ဆင့်အသုံးပြုကြရပါတယ်။ အဲလိုမသုံးချင်ရင်လည်း Mobile Device ထဲက Memory Card တွေကိုထုတ်ပြီး အခြား Device ထဲကို ထည့်ကာ ကူးယူမှအဆင်ပြေပါတယ်။ Bluetooth တို WiFi တိုလို Wireless စနစ်တွေပေါ်လာတဲ့အခါ Data တွေကူးယူရတာ ပိုမိုလွယ်ကူအဆင်ပြေသွားပေမယ့် များပြားလှတဲ့ Data တွေကို ကူးယူတဲ့အခါ USB နဲ့ကူးရတာလောက် အဆင်မပြေတဲ့အပြင် အမျိုးအမျိုးသော Error တွေကို ကြုံတွေ့ကြရပါတယ်။ အဲ့ဒီအတွက် USB OTG ပေါ်လာတဲ့အခါ Mobile Device အချင်းချင်း ချိတ်ဆက်ဖို နဲ့ Data တွေကူးယူဖိုအတွက် အသုံးအဝင်ဆုံး နည်းပညာတစ်ခုဖြစ်လိုလာပါတယ်။

USB OTG Adapter

USB OTG Adapter ဆိုကတော့ ပုံမှာပြထားတဲ့ device တွေကို ခေါ်တာဖြစ်ပါတယ်။ ဖုန်းကို အခြား USB Device နဲ့ ချိတ်ဆက်ပြီး Data တွေကို Quick Access ရရှိဖို ၊ ကူးယူဖိုအတွက် အသုံးဝင်ပါတယ်။

ဖုန်းရဲ့အားသွင်းတဲ့ အပေါက်မှာ OTG Adapter ကိုတပ် ၊ တစ်ဖက်က USB အပေါက်မှာ အခြား USB device တစ်ခုခု (ဥပမာ Memory Stick ၊ Hardisk) ကိုတပ်ပြီး USB device ထဲက Data တွေကို ဖုန်းပေါ်မှာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ဒါတင်မကဘဲ ဖုန်းကို Mouse, Keyboard, MiDi Keyboard, Game Controller အစရှိတဲ့ အခြားသော USB Device တွေနဲ့လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဖုန်းတစ်လုံးနဲ့ တစ်လုံးချိတ်ဆက်ပြီး “Phone to Phone Charging” လိုခေါ်တဲ့ ဖုန်းတစ်လုံးကနေ အခြားတစ်လုံးကို Battery အား လွှပြောင်းပေးတာမျိုး လုပ်ဆောင်နိုင်ပါတယ်။ ပိုမိုအဆင်ပြေတဲ့ နောက် device တစ်ခုကတော့ USB OTG Stick ပါ။

USB OTG Stick

USB OTG Stick ကတော့ OTG Adapter နဲ့ USB Stick ကို ပေါင်းထားတဲ့ device တစ်ခုဖြစ်ပါတယ်။တစ်ဖက် မှာ ဖုန်းနဲ့ ချိတ်ဖို ခေါင်းနဲ့ အခြားတစ်ဖက်မှာတော့ PC နဲ့ ချိတ်ဖို USB ခေါင်းပါဝင်ပါတယ်။

OTG Adapter ကြားခံ မလိုဘဲ ဖုန်းနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်ပါတယ်။ သာမန် Memory Stick တွေလဲ 4GB, 8GB, 16GB စသဖြင့် Storage ပမာဏ တွေပါဝင်တဲ့အတွက် ဖုန်းရဲ့ External Storage တစ်ခုလိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။

OTG Adapter နဲ့ OTG Stick တွေကို ဖုန်းနဲ့ချိတ်ဆက်အသုံးပြုဖိုအတွက် လက်ရှိသုံးနေတဲ့ဖုန်းက USB OTG ကို Support လုပ်ဖိုလိုပါတယ်။

Android Device တွေမှာ OTG Support လုပ်မလုပ် ဘယ်လိုသိနိုင်မလဲ . . . ?

လွန်ခဲ့တဲ့ (၂) နှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ စမတ်ဖုန်းတွေဆိုရင်တော့ သေချာပေါက် OTG Support လုပ်ပါတယ်။ အချိုဖုန်းတွေမှာတော့ Setting ထဲမှာ OTG setting ဆိုပြီး သပ်သပ်ပါဝင်ပါတယ်။ တိတိကျကျ သိရင်တော့ မိတ်ဆွေ ဟောင်းကြီးဖြစ်တဲ့ Google ပေါ်မှာ ရိုက်ရှာကြည့်ရင် ပိုအဆင်ပြေပါလိမ့်မယ်။ USB support လုပ်တဲ့ စမတ်ဖုန်းတွေမှာလည်း သတိထားစရာအချက်တစ်ခုရှိပါတယ်။ အချိုဖုန်းတွေက Data Storage အများကြီးကို လက်မခံနိုင်ပါဘူး။ ဥပမာ 64GB အထိပဲ လက်ခံတာမျိုး ၊ 128GB အထိပဲ လက်ခံတာ မျိုးပေါ့။ Memory Stick လောက်ပဲချိတ်ဆက်အသုံးပြုတာ ကိစ္စမရှိပေမယ့်။ 500GB (ဒါမှမဟုတ်) 1TB Harddisk တွေနဲ့ ချိတ်ဆက်အသုံးပြုမိရင်တော့ မနိုင်တဲ့ဖုန်းတွေဆိုရင် ဟမ်းသွားနိုင်တဲ့အပြင် Power ပါသေ သွားနိုင်ပါတယ်။ ဒါကြောင့် အများဆုံး 64GB (ဒါမှမဟုတ်) 128GB Stick တွေလောက်နဲ့ ပဲ ချိတ်ဆက်အသုံးပြု စေချင်ပါတယ်။

Android အတွက် OTG Adapter တွေနဲ့ OTG Stick တွေကတော့ စျေးပေါပေမယ့် ၊ iOS အတွက်ကတော့ စျေးကြီးပါတယ်။ လက်ရှိပြည်တွင်းစျေးကွက်ထဲက ဖုန်းဆိုင်တွေမှာ အလွယ်တကူဝယ်လိုရနိုင်ပါတယ်။ ။

Credit Mono Channel Myanmar

Post a Comment

Previous Post Next Post